ရေဓာတ်ဖြည့်ခြင်း (Hydrating) နဲ့ အစိုဓာတ်ဖြည့်ခြင်း (Moisturizing) က တူတူပဲလား
Skin care တွေ သုံးတဲ့အခါ ရောဓာတ်ဖြည့်တာ (Hydrating) နဲ့ အစိုဓာတ်ဖြည့်တာ (Moisturizing) က တူတူပဲလား၊ မတူဘူးလား ဆိုတာကို မကွဲပြားကြပါဘူး။ ရေဓာတ်ဖြည့်ရင် အစိုဓာတ်မလိုဘူးလား၊ အစိုဓာတ်ဖြည့်ရင် ရေဓာတ်ရော လိုဦးမှာလား၊ ဒါမှမဟုတ် နှစ်မျိုးလုံး ဖြည့်ဖို့လိုတာလား စသဖြင့် ဒွိဟဖြစ်နေကြတာများပါတယ်။
ဒါကြောင့် ဒီဆောင်းပါးလေးမှာ Hydrating နဲ့ Moisturizing အကြောင်းလေး ပြောပြပါမယ်နော်။
💦ရေဓာတ်ဖြည့်ခြင်း
ရေဓာတ်ဖြည့်တာဟာ ခြောက်သွေ့ပြီး ရေဓာတ်ခန်းခြောက်နေတဲ့ အသားအရေအတွက်ပဲ လိုအပ်တာလို့ တချို့က ထင်ကောင်းထင်ကြပါလိမ့်မယ်။ တကယ်တော့ မဟုတ်ပါဘူး။ ရေဓာတ်ဖြည့်တာဟာ ခန္ဓာကိုယ်အတွက် နေ့စဥ်ပုံမှန် ရေသောက်ကြရသလိုပါပဲ။ အသားအရေကို ရေတိုက်ခြင်း တစ်မျိုးသာဖြစ်ပြီး ဘယ်အသားအရေ အမျိုးအစားမဆို နေ့စဥ် ရေဓာတ်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။
ရေဓာတ်ဖြည့်ပေးတဲ့ hydrator တွေက လေထုထဲက သို့မဟုတ် အရေပြားပေါ်က ရေဓာတ်တွေကို စုပ်ယူပြီး အရေပြားမှာ သိမ်းဆည်းထားပေးခြင်းဖြင့် ရေဓာတ်ဖြည့်ပေးပါတယ်။ Hyaluronic acid ၊ ရှားစောင်းလက်ပတ် (aloe vera) နဲ့ ပျားရည်တို့ဟာ ရေဓာတ်ကို အဓိကဖြည့်ပေးပါတယ်။
❄အစိုဓာတ်ဖြည့်ခြင်း
အစိုဓာတ်ဖြည့်ပေးတဲ့ moisturizer ဆိုတာက ဆီကိုအခြေပြုတဲ့ စေးကပ်တဲ့ ပါဝင်ပစ္စည်းတွေကို ခေါ်တာပါ။ Petrolatum Oil, Mineral Oilနဲ့ သဘာဝအဆီတွေက အစိုဓာတ်ဖြည့်ပေးတဲ့ အရာတွေပါ။ Moisturizer တွေက အရေပြားရဲ့ အပေါ်ယံအလွှာမှာ အကာအကွယ်တစ်ခု အဖြစ်နဲ့ ရေဓာတ်တွေဆုံးရှုံးမသွားရအောင် ကာကွယ်ပေးထားပြီး အသားအရေကို ခြောက်သွေ့ခြင်းမဖြစ်ဘဲ ချောမွေ့အောင် ပြုလုပ်ပေးပါတယ်။
ရေဓာတ်ဖြည့်ရမှာလား၊ အစိုဓာတ်ဖြည့်ရမှာလား?
ရွေးချယ်မှုမှားရင် အသားအရေကို ထိခိုက်ပျက်စီးစေနိုင်မှာပါ။
အများအားဖြင့် Gel ပုံစံက ရေဓာတ်ဖြည့်တာ၊ oil ပုံစံက အစိုဓာတ်ဖြည့်
တာလို့ သတ်မှတ်ကြပေမယ့် Hydrator လား၊ Moisturizer လားဆိုတာ ထုတ်လုပ်ထားတဲ့ ပုံစံ (Oil, Gel, Cream, Lotion စသည်) ထက် ပါဝင်ပစ္စည်းအပေါ်မှာပဲ မူတည်ပါတယ်။ တချို့ထုတ်ကုန်တွေက ရေဓာတ်ရော၊ အစိုဓာတ်ရော ဖြည့်ပေးပါတယ် (ဥပမာ- Hyaluronic Acid ရော Petrolatum oil ရောပါတာ)။
ခြောက်သွေ့တဲ့ အသားအရေတွေအတွက် ရေဓာတ်ဖြည့်ရုံနဲ့ မလုံလောက်ပါဘူး။ Petrolatum oil လို အစိုဓာတ်ဖြည့်တဲ့အရာ သုံးဖို့လိုအပ်ပါတယ်။ Shear Butter, Canola Oil, Soybean Oil စသည်တို့ကိုလည်း သုံးလို့ရပါတယ်။
အဆီပြန်တဲ့အသားအရေဆိုရင်တော့ စေးကပ်တဲ့ အဆီပါတဲ့ Moisturizer သုံးတာထက် Hyaluronic Acid, Aloe Vera စသည်ပါတဲ့ Hydrator တွေ သုံးပေးရင် လုံလောက်ပါတယ်။
အခုဆိုရင် ရေဓာတ်ဖြည့်တာနဲ့ အစိုဓာတ်ဖြည့်တာ တူမတူသိသွားပြီးမို့ ဟက်ပီးလေးတို့လည်း ကိုယ့်အသားအရေအတွက် အကောင်းဆုံးကို ရွေးချယ်ဖြည့်လိုက်ကြတော့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်